
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိနှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက ယမန်နေ့(မတ် ၂၂) နံနက်ပိုင်းတွင် ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုနှင့် ဆေးခန်းလာပြသည့် လူနာများပါအဝင် ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မြို့ မြောက်ဘက် ၃၆ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးရွာလယ်မှ ဆေးခန်းဖွင့်လှစ်သည့် နံနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တပ်ကဗုံးလာကြဲသဖြင့် သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
သေဆုံးသူများတွင် ဆရာဝန်၊ ဆရာဝန်၏ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည် နှင့်ကလေးငယ် ၊ ဆေးခန်းလာပြသူ မိသားစု ၃ ဦး တစ်စု၊ မြေးအဘွား ၁ ဦး၊ ဆေးခန်းတွင် ကူညီလုပ်ကိုင်ပေးနေသူများနှင့် ဘေးအိမ်မှ အိမ်နီးချင်း ၁ ဦး ပါဝင်ကြောင်း ဒေသခံများထံမှသိရ သည်။
“(ဗုံးဒဏ်ကြောင့် ဆေးခန်းဖွင့်ထားတဲ့) အိမ်ပျောက်သွားတယ်ပေါ့ဗျာ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တစစီဖြစ်သွားတယ်။ ဟိုဘက်တစ်အိမ်ကျရင်တော့ မီးလောင်သွားပြီး ပြာကျသွားတယ်”ဟု အခင်းဖြစ်ရာနေရာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည့် ဂန့်ဂေါ ဒေသခံ တစ်ဦးက ပြောသည်။
