၂၀၂၅ ခုနှစ်မေလအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများမှ ပုံမှန်အတိုင်းအားကောင်း နေသည်။ နိုင်ငံရေးဆိုင်ရာအရွေ့မှာ နောက်သို့ဆုတ်မသွားဘဲ တရွေ့ရွေ့တိုးတက်လာနေပြီး မတ်လကုန်က ကျင်းပခဲ့သော တတိယအကြိမ်စစ်ကိုင်းဖိုရမ်၏ နိုင်ငံရေးဆိုင်ရာ ရလဒ်များထုတ်ပြန်ချက်ကို မေလတွင် အသေးစိတ်ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဆိုင်ရာတိုးတက်မှုရလဒ်များကိုတွေ့ရသည်။ ထို့အပြင် စစ်ကိုင်းဒေသနှင့်ထိစပ်နေသော အိန္ဒိယနိုင်ငံအကြား ဖြစ်ပွားသော ပြဿနာနှင့်ပတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်တို့ နိုင်ငံရေးဆိုင်ရာ ပထမဆုံး ပူးတွဲထုတ်ပြန်ချက်ကိုလည်း နိုင်ငံရေး တိုးတက်မှုရလဒ်အဖြစ် တွေ့ရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် အွန်လိုင်းနှင့် မြေပြင်တွင် ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်နေပြီး တိုးတက်သောရလဒ်များရှိသည်ဟုလည်း ကြေညာထားသည်။ ယင်းဖြစ်စဉ်များအနက် ထင်ရှားသောဖြစ်ရပ်များကို ထုတ်နုတ်သုံးသပ်တင်ပြပါမည်။
၁။ အိန္ဒိယအာသံရိုင်ဖယ်တပ်က တမူးပကဖ ၁၃ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အမှု။
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီးရှိ ယာယီစခန်းပြောင်း ရွှေ့လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government) လက်အောက်ခံ တမူးခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် (၁၀) ဦးမှာ မေလ(၁၄)ရက်နေ့က အာသံရိုင်ဖယ်တပ်၏ ဖမ်းဆီးခေါ်ဆောင် ခြင်းကိုခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်းနိုင်ငံတကာအခြေစိုက် မီဒီယာတခုဖြစ်သည့် Chindwin News Agency ကဖော်ပြခဲ့ပြီးသည့်နောက်တွင် အိန္ဒိယဘက်မှလည်း အာသံရိုင်ဖယ်တပ်က ကျူးကျော်လာသော အမည်မသိလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖြစ်အပျက်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အိန္ဒိယစစ်တပ်ကြား ပထမဆုံးဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ်က မြန်မာ တော်လှန်ရေးတပ်များနှင့် အိန္ဒိယအစိုးရကို တော်လှန်နေသော ကသည်းသူပုန်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယအစိုးရထံ ဖမ်းမိသုန့်ပန်းများကို NUG က အပ်နှံခဲ့သော်လည်း ယခုမူ တော်လှန်ရေးတပ်များကို အိန္ဒိယစစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက ဖြစ်စဉ်အမှန်ကိုဖြေရှင်း ပေးရန် စာထုတ်ပြန်ခဲ့သလို၊ စစ်ကိုင်းတိုင်းဒေသကြီးသပိတ်ကော်မတီကလည်း စာထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း၏ အပြိုင်နိုင်ငံရေး Actor များဖြစ်သော စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နှင့် စစ်ကိုင်းဖိုရမ်တို့ပူးပေါင်းကာ ကြေညာချက်တရပ်လည်းထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းနိုင်ငံရေးအပြိုင် Actor နှစ်ဖွဲ့ဖြစ်သော အဆိုပါအစုအဖွဲ့နှစ်ဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ပထမဆုံးပူးပေါင်းထုတ်ပြန်ချက်လည်းဖြစ်သည်။
၂။အရေးပေါ်စစ်ကိုင်းဖိုရမ်(တတိယအကြိမ်စစ်ကိုင်းဖိုရမ်)အောင်မြင်စွာကျင်းပပြီးစီးခြင်းဆိုင်ရာထုတ်ပြန်ကြေညာချက်
မတ်လကုန်တွင် ကျင်းပခဲ့သော အရေးပေါ်စစ်ကိုင်းဖိုရမ်(တတိယအကြိမ်စစ်ကိုင်းဖိုရမ်) အောင်မြင်စွာ ကျင်းပပြီးစီးခြင်းဆိုင်ရာထုတ်ပြန်ချက်ကို မေလ (၄) ရက်နေ့မှ ထုတ်ပြန်ခဲ့သည်။ ငလျင်ဆိုင်ရာ အရေးပေါ် ကိစ္စရပ်များနှင့် စစ်ကိုင်းဒေသ(ဖက်ဒရယ်ယူနစ်)ရေးရာများကိုဆွေးနွေးခဲ့ပြီး အောက်ပါသဘောထား စုစည်းချက် များ ကိုရရှိခဲ့ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။
(၁) စစ်ကိုင်းဒေသ(ဖက်ဒရယ်ယူနစ်)ဒေသခံပြည်သူများသည် Bottom up Federalism ကို ကျင့်သုံးသည့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကြားကာလ အတွင်း (တော်လှန်ရေး ကာလ) အတွင်းမှာပင် ဖော်ဆောင်ကျင့်သုံးရန်ရည်မှန်းသည်။
(၂) စစ်ကိုင်းဒေသ(ဖက်ဒရယ်ယူနစ်)တွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ကြား ကာလတိုင်းအစိုးရတရပ် ဖွဲ့စည်းနိုင်ရန်လိုအပ်ပြီး ယင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် ကြားကာလ တိုင်းဖွဲ့စည်ပုံအခြေခံဥပဒေတရပ်လိုအပ်သည်။
(၃) လူမျိုးစုတိုင်းသည် မိမိတို့၏ လူမျိုးရေးဖြစ်တည်မှုများနှင့် ကိုက်ညီသည့် နိုင်ငံရေးအဆင့်အတန်း သေချာပေါက်ရရှိရမည်ဖြစ်ပြီး တော်လှန်ရေးကာလ ဒေသတွင်းနိုင်ငံရေးဖြစ်ထွန်း တိုးတက်မှု များတွင် လူမျိုးစုဌာနေတိုင်းရင်းသားများကိုယ်တိုင် အားစိုက်ပါဝင်သင့်သည်။
(၄) ဒေသတွင်းစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပညာရေး၊ ကျန်းမာရေး၊ စသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရင်းအမြစ်များ လိုအပ်နေသေးပြီး ဒေသ(ဖက်ဒရယ်ယူနစ်)အစိုးရနှင့် ယူနစ်အဆင့် အင်စတီကျူးရှင်းများမှ ယင်းလိုအပ်ချက်များကို ပြည့်မှီအောင် ထိရောက်စွာ စီမံခန့်ခွဲရမည်။
(၅)လူထုကာကွယ်ရေးနှင့် ထိရောက်သည့် စစ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းဒေသ(ဖက်ဒရယ်ယူနစ်)အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အကြား စုစည်းညီညွတ်ရေး၊ စနစ်တကျ စုဖွဲ့နိုင်ရေး၊အပြန်အလှန်အထောက်အကူပြုနိုင်ရေးကို အလေးအနက်ထား လုပ်ဆောင် သွားကြရန် တိုက်တွန်းအပ်ပါသည်။ တဆက်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်သွားရန် ဟူ၍ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။
တတိယအကြိမ်စစ်ကိုင်းဖိုရမ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း ကြားကာလ စစ်ကိုင်းဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းလင်းတင်ပြခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရနှင့် ကြားကာလ စစ်ကိုင်း ဖက်ဒရယ် ယူနစ်ဆိုင်ရာ အခင်းအကျင်းများကို အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ဆွေးနွေးကာ ခဲ့ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်အရ စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်တို့နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုခိုင်မာလာ ပြီဖြစ်ကြောင်း သုံးသပ်နိုင်ပါသဖြင့် ထူးခြားဖြစ်စဉ်တရပ်အဖြစ် တင်ပြလိုက်ပါသည်။
၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတို့မြေပြင်တွေ့ဆုံ
၂၀၂၅ ခုနှစ် မေလ(၉) ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း တို့မြေပြင်တနေရာတွင် တွေ့ဆုံခဲ့ကြကြောင်း ယင်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှ တရားဝင် ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံမှုသည် စစ်ကိုင်းဒေသ တနေရာတွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများပိုမိုပီပြင်လာသည့် ဖြစ်ရပ်တခုဖြစ်ခဲ့သည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းသည် မြေပြင်တွင် ဒုတိယအကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းဖိုရမ်ကိုလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ပထမဆုံးအကြိမ် တက်ရောက်အပြီးတွင် နိုင်ငံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မှု ပြယုဂ်တခုလည်းဖြစ်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား
စဉ် | ရက်စွဲ | အဖွဲ့အစည်း | အကြောင်းအရာ | မှတ်ချက် |
၁။ | ၉.၅.၂၀၂၅ | စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း | နိုင်ငံရေး | |
၂။ | ၂၀.၅.၂၀၂၅ | ကတူးအမျိုးသားအဖွဲ့ | နိုင်ငံရေး | |
၃။ | ၃၁.၅.၂၀၂၅ | လွှတ်တော်သုံးရပ်တွေ့ဆုံပွဲ | နိုင်ငံရေး |
၂၀၂၁ ဇန်နဝါရီလ (၆) ရက်နေ့မှစပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် တိုင်းအတွင်း၊ တိုင်းပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ဒုတိယမူကြမ်းထုတ်ပြန်အပြီးတွင်း ဆက်လက်ဆွေးနွေးမှုများရှိခဲ့ပြီး သဘောထားကွဲလွဲမှုများရှိသကဲ့သို့ ရလဒ်ကောင်းများလည်း ရရှိထားခဲ့သည်။ ၂၀၂၅ ခုနှစ် မေလတွင်မူ တတိယမူကြမ်းထွက်ပေါ်လာရေးနှင့် ကြားကာလစစ်ကိုင်းအစိုးရဖော်ဆောင်ရေးတို့အတွက် တိုင်းတွင်း အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်းတွေ့ရသည်။
၂၀၂၅ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးဖြစ်စဉ်များမှာ ပြည်နယ် (ဖက်ဒရယ်ယူနစ်) အခြေပြု နိုင်ငံရေးတည်ဆောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဖက်ဒရယ်ယူနစ်အဆင့် အစိုးရဖွဲ့စည်းနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ တွေ့ဆုံမှုများ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေပြီဖြစ်ကြောင်း ဖြစ်ရပ်များအရ သုံးသပ်မိပါသည်။