2025 ခုနှစ် ဇွန်လအတွင်း စစ်ရာဇဝတ်မှုများ သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည်။ စခန်းပြန်လည်ရရှိရေး အတွက် စစ်ကြောင်းထိုးတိုက်ခိုက်မှုများကို တိုးချဲ့လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ ပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။

တလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ ပုလဲ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ရွှေဘို၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး စသည့်မြို့နယ်များတွင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ် မှတ်တမ်းတင်ထားရပြီး၊ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးခြင်း (၁၅) ဦး၊ ဒဏ်ရာရခြင်း (၇) ဦး ဖြစ်ပေါ်ခဲ့သည်။

အပြိုင်၊ စစ်ကြောင်းထိုးခြင်း များလည်း မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ဘုတလင်နယ်များတွင် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားများ ဖမ်းဆီးခံရမှု ၁၈၇ ဦး အထိ ရှိသည့်အပြင် မီးရှို့ဖျက်ဆီးခြင်း၊ ငွေညှစ်ခြင်းများပါ ဆက်လက်ဖြစ်ပွားခဲ့သည်။

ထိုသို့လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ မတရား ဖမ်းဆီးနှိပ်စက်မှုများ စသည်တို့သည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံး သက်ရောက်မှုကြီးမားခဲ့ပြီး  အရပ်သားထိခိုက်မှုများပိုမိုများပြားလာကြောင်းတွေ့ရသည်။ အဆိုပါ စစ်ရာဇဝတ်မှု များအနက်ထင်ရှားသောဖြစ်စဉ်များကိုထုတ်နုတ်ဖော်ပြပါမည်။

၁။ လေယာဉ်ပျက်ကျပေါက်ကွဲ၍ လူလေးဦးသေဆုံးသောဖြစ်စဉ်

၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ ရဲစခန်းအနီး၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စု လေကြောင်းပစ္စည်းကူညီရန် စေလွွတ်ထားသည့် တိုက်လေယာဉ်တစ်စီး ပစ်ခတ်ခံရ၍ ပျက်ကျကာ ပေါက်ကွဲခဲ့ပြီး ၎င်းမှ ထွက်ပေါ်သော အပိုင်းအစများထိမှန်မှုကြောင့် ဒေသခံအရပ်သားလေးဦး သေဆုံးခဲ့သည်။ ထို့နောက်လည်း စစ်အုပ်စုသည် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်ခဲ့သဖြင့် ရွာလေးရွာမှ နေထိုင်သူများ ထပ်မံ ထွက်ပြေးစရာ ဖြစ်ခဲ့ရပြီး စုစုပေါင်း ရွာ ၂၀ ကျော်မှ လူထုများ စစ်ရှောင်အဖြစ် တိမ်းရှောင်နေရသဖြင့် နေထိုင်မှု၊ စားသောက်မှု အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရသိရသည်။

၂။ ဆက်လက်ဖြစ်ပွားခဲ့သည့် အရပ်သားပစ်မှတ်များသို့ လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်ဖွဲ့များက အများပြည်သူများနေထိုင်သည့် ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သင်တန်းကျောင်းများကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းမှ အကြမ်းဖက် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဇွန် ၁၀ ရက်ညပိုင်းတွင် ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ်တစ်စီးမှ ရော့ကတ် ၁၀ လုံးကျဲချသဖြင့် အသက် ၁၅ နှစ်အရွယ် မကြယ်ဇင်လင်း သေဆုံးပြီး ၁၀ နှစ်အရွယ် ယောက်ျားလေးနှင့် အဖေဖြစ်သူအပါအဝင် ဒဏ်ရာရသူ ၂ ဦးပါ ထိခိုက်ခဲ့သည်။ ထို့နောက် ဇွန် ၉ ရက်ညတွင်လည်း ကောလင်းမြို့နယ် ဖလဲကျေးရွာကို တိုက်ခိုက်ရေးလေယာဉ်က ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချသဖြင့် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၆ လုံးပျက်စီးခဲ့သည်။ ဇွန် ၇ ရက်နေ့တွင် ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ကန့်ဘလူမြို့နယ် ရင်ငတ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးကို ဂျက်တိုက်လေယာဉ်က ဗုံး ၂ လုံးကျဲချခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ၊ စေတီတော်တစ်ဆူနှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။ နောက်ထပ် ဇွန် ၂၀ ရက်တွင် ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာရှိ သာမန်စာသင်ကျောင်းကို ဂျက်ဖိုက်တာတစ်စီးက ဗုံးကျဲချတိုက်ခိုက်ခဲ့သည့်အကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ကျောင်းသားများအပါအဝင် ဒဏ်ရာရသူများ များပြားခဲ့သည်။ ထို့နောက် ဇွန် ၂၈ ရက်တွင် ဆားလင်းကြီးမြို့နယ် သရက်ကိုင်းကျေးရွာကို စက်တပ်လေထီးများက ဗုံးကျဲချခဲ့ပြီးအမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအားလုံးသည် တိုက်ပွဲမရှိသည့်အချိန်တွင် ပြုလုပ်ထားခြင်း ဖြစ်ပြီး တိုက်ခိုက်မှူများကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူများအပြင် ဘာသာရေးအဆောက်အဦများ၊ သင်ကြားရေးအဆောက်အဦများနှင့် အိမ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြသည်။ ထိုသို့ အရပ်သားများကို ဗုံးကျဲတိုက်ခိုက်သည့် လက်တွေ့အခြေအနေများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှု ဆိုးရွားမှုကို ထင်ဟပ်ပေါ်လွင်စေပြီး လူထု အများအပြားကို စစ်ရှောင်အဖြစ် တိမ်းရှောင်စေသည့်အပြင် နေထိုင်မှု၊ ပညာရေး၊ ဘာသာရေး အစရှိသည့် နေရာများတွင်လည်း အလွန်အကျွံ ထိခိုက်စေခဲ့သည်။

၃။  မုံရွာသပိတ်ခေါင်းဆောင် ဝေမိုးနိုင် ထောင်တွင်းနှိပ်စက်ခံရမှု

၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်တွင် မုံရွာထောင်မှ အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံခဲ့သည့် နိုင်ငံရေးအကျဉ်းသား သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် သည် ထောင်ဝန်ထမ်းတဦး၏ သံတုတ်ဖြင့် ရိုက်နှက်မှုကြောင့် သတိမေ့မျောသွားပြီး နဖူးကွဲဒဏ်ရာ အပါအဝင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိုဒဏ်ရာများအတွက် ဆေးရုံတက်ကုသခွင့် မပေးဘဲ ဇူလိုင် ၁ ရက်နေ့အထိ တိုက်ပိတ်ပြစ်ဒဏ်ချခံထားရခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြု ထုတ်ပြန်ထားသည်။ထို့ပြင် သက်ဆိုင်ရာအာဏာပိုင်များမှ ဆေးဝါးကုသခွင့်မပေးခြင်းကြောင့် ဒဏ်ရာများ ပိုမိုဆိုးရွားနိုင်သည့် အခြေအနေရှိနေသည်ဟုလည်း သတိပေးထားသည်။

ထို့အပြင် ကိုဝေမိုးနိုင်အား ပါဆယ်လက်ခံခွင့်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်များကို ကန့်သတ်ထားခြင်း, ခြေကျင်းခတ်ကာ သီးခြားတိုက်တွင် တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်း စသည့် ထောင်အတွင်းအခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသည်။ ထို့ပြင် မုံရွာထောင်မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်နှင့် အခြားအကျဉ်းသားများကိုလည်း အိုးဘိုထောင်အဝင်တွင် ဝိုင်းဝန်းရိုက်နှက်ပြီး တိုက်ပိတ်ထားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်သူများက အတည်ပြုထားသည်။

ဤဖြစ်ရပ်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက် နှိပ်စက်မှု၊ ဆေးဝါးကုသခွင့်မပေးခြင်း၊ အခွင့်အရေးများ ကန့်သတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများထင်ဟပ်နေသောကြောင့် ထူးခြားဖြစ်စဉ်အဖြစ် တင်ပြအပ်ပါသည်။

၂၀၂၅ ခုနှစ် ဇွန်လအတွင်း  ထိခိုက်သောအရပ်သားစာရင်း

စဉ် Location Injured Deaths Arrested
1 ကန့်ဘလူ 0 17 16
2 ကလေး 0 0 40
3 စစ်ကိုင်း 0 5 0
4 ဆားလင်းကြီး 0 4 30
5 ထီးချိုင့် 0 1 0
6 ပင်လည်ဘူး 0 1 0
7 ပုလဲ 3 8 0
8 ဗန်းမောက် 0 0 40
9 ဘုတလင် 4 1 0
10 မုံရွာ 0 5 13
11 ယင်းမာပင် 0 0 40
12 ရေဦး 0 0 8
13 ရွှေဘို 4 1 0
14 ဝန်းသို 0 1 0
15 ဟုမ္မလင်း 0 0 0

သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်ဖွဲ့များက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုစုပေါင်း ၅၃ ကြိမ်ကျော် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဇွန်လအတွင်း အရပ်သား ၄၄ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရပြီး ၁၈၇ ဦးအထိ ဖမ်းဆီးခံထားရကြောင်း တွေ့ရှိရသည်။

ဤတလအတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ လက်ချက်များအနက် လေကြောင်းတိုက်ခိုက်မှုများ အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၈ ကြိမ်ကျော် မှတ်တမ်းတင်ထားရသည်။ ထိုကြောင့် သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၇ ဦး ရှိခဲ့ကြပြီး ထိခိုက်သူအများစုသည် မုံရွာ၊ ပုလဲ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ပင်လည်ဘူး စသည့်နေရာများတွင် အစုလိုက်အပြုံလိုက် ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ အိမ်ရာများ တိုက်ခိုက်ခံရသည့်အမှုများ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။

ထို့အပြင် စစ်မှုထမ်းဖမ်းဆီးမှုများ စနစ်တကျ တိုးမြှင့်လာခဲ့ပြီး ကလေး၊ မုံရွာ၊ ယင်းမာပင်၊ ရေဦး စသည့် နယ်မြေများတွင် လူထုအများအပြားကို အကြမ်းဖက်ဖမ်းဆီးခဲ့သည်။ အများစုမှာ ကျောင်းဆရာများ၊ လူငယ်များ၊ အမျိုးသမီးများ ပါဝင်ခဲ့ကြပြီး စုစုပေါင်း ၁၈၇ ဦး အထိ ဖမ်းဆီးခံထားရသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ၊ အရပ်သားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကြောင့် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသရှိ လူထုသည် နေထိုင်မှု၊ စားသောက်မှုနှင့် လုံခြုံရေး အခြေအနေ အလွန်ဆိုးရွားခဲ့ကြောင်း သက်သေပြနေသည်။