နိုင်ငံရေးဖြစ်စဉ်များတွင် သပိတ်ဖြစ်စဉ်များနည်းတူ နိုင်ငံရေးအစုအဖွဲ့အသီးသီး၏ တိုင်းတွင်းလှုပ်ရှားမှု ခြေလှမ်းများကိုပိုမိုတွေ့ရှိလာရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးသပိတ်အင်အားစု တို့အကြားအပြန်အလှန်တွေ့ဆုံမှုများ ပိုမိုခြေလှမ်းစိတ်လာသကဲ့သို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်နိုင်ငံ့ဝန်ထမ်း CDM ကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် စတင်စုစည်းမှုခြေလှမ်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ အဖြစ်အပျက်များကို စစ်ကိုင်းနိုင်ငံရေးထူးခြားဖြစ်စဉ်များအဖြစ် မှတ်တမ်းတင်ထားသည်။
၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံမှု
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား
စဉ် | ရက်စွဲ | အဖွဲ့အစည်း | အကြောင်းအရာ | မှတ်ချက် |
၁။ | ၄.၁.၂၀၂၅ | မြန်မာ့မီးရထား(တိုင်းအမှတ်-၂)စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ | ဖွဲ့စည်းပုံမူကြမ်း | |
၂။ | ၆.၁.၂၀၂၅ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ | ဖွဲ့စည်းပုံမူကြမ်း | |
၃။ | ၆.၁.၂၀၂၅ | စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် | ဖွဲ့စည်းပုံမူကြမ်း | |
၄။ | ၇.၁.၂၀၂၅ | စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း | ဖွဲ့စည်းပုံမူကြမ်း | |
၅။ | ၈.၁.၂၀၂၅ | စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs) | ဖွဲ့စည်းပုံမူကြမ်း | |
၆။ | ၉.၁.၂၀၂၅ | မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ | ဖွဲ့စည်းပုံမူကြမ်း | |
၇။ | ၁၂.၁.၂၀၂၅ | CRPH | ဖွဲ့စည်းပုံမူကြမ်း | |
၈။ | ၁၅.၁.၂၀၂၅ | သပိတ်တိုက်ပွဲဦးဆောင်ကော်မတီများ | ဖွဲ့စည်းပုံမူကြမ်း | |
၉။ | ၂၆.၁.၂၀၂၅ | တရားရေးဝန်ကြီး ( NUG) | ဖွဲ့စည်းပုံမူကြမ်း | |
၁၀။ | ၂၈.၁.၂၀၂၅ | ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(စစ်ကိုင်း) | ဖွဲ့စည်းပုံမူကြမ်း | |
၁၁။ | ၂၉.၁.၂၀၂၅ | NLD ( ခရိုင်၊ မြို့နယ်၊ ရပ်ကျေး) | ဖွဲ့စည်းပုံမူကြမ်း | |
၁၂။ | ၂၉.၁.၂၀၂၅ | FSCC ( အတွင်းရေးမှူးအဖွဲ့) | ဖွဲ့စည်းပုံမူကြမ်း | |
၁၃။ | ၃၀.၁.၂၀၂၅ | စစ်ကိုင်းနိုင်ငံရေးအင်အားစုများ | ဖွဲ့စည်းပုံမူကြမ်း |
၂၀၂၁ ဇန်နဝါရီလ (၆) ရက်နေ့မှစပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် တိုင်းအတွင်း၊ တိုင်းပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်အသေးစိတ်ကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း ရလဒ်ကောင်းများရရှိကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တာဝန်ရှိသူတဦးကပြောကြားခဲ့ကြောင်း မြေပြင်သတင်းထောက်ကပေးပို့သည်။ သပိတ်အင်အားစုများနှင့် CDM အင်အားစုတချို့ကမူ လုံလောက်သော သဘောတူညီချက်မရရှိသေးဘဲ ဆွေးနွေးဆဲအခြေအနေသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ မြေပြင်သတင်းထောက်က ထပ်မံပေးပို့ခဲ့သည်။ မည်သို့ပင်ဖြစ်စေ တစ်လတည်းနှင့် အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံမှုသည်ယခင်လများရှိ နိုင်ငံရေးလှုပ်ရှားမှုများထက် ပိုမိုခြေလှမ်းစိတ်လာသည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် ထူးခြားဖြစ်စဉ်အဖြစ် ဦးစားပေးဖော်ပြအပ်ပါသည်။
၂။ လောင်းကစားဝိုင်းများပိုမိုများပြားလာသော စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းတွင် လောင်းကစားဝိုင်းများပိုမိုများပြားလာပြီး အများစုမှာ လေးကောင်/ခြောက်ကောင်ဂျင်၊ ဖဲ၊ ကြက်နှင့် ဒစ်ဂျစ်တယ်လောင်းကစားများဖြစ်ကြောင်း မြေပြင်သတင်းပေးပို့မှုများအရသိရသည်။ အရာတော်မြို့နယ် ကျေးရွာအချို့တွင်လောင်းကစားဝိုင်းများရှိနေပြီး အဆိုပါလောင်းကစားဝိုင်းများသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်းပတ်သက်နေကြောင်း ဒေသခံများကဆိုသည်ဟု မြေလတ်သတင်းဌာနက ဇန်နဝါရီ(၅) ရက်နေ့တွင်တင်ထားသော သတင်းတပုဒ်တွင်ဖော်ပြထားသည်။ အရာတော်တွင်သာမက မုံရွာမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း လောင်းကစားဝိုင်းများရှိနေပြီး သက်ဆိုင်ရာအုပ်ချုပ်သူများက အကောက်ခွန်များရရှိနေကြောင်း မြေပြင်ထောက်လှမ်းရေးသတင်းများအရ သိရှိရသည်။ လောင်းကစားဝိုင်းများ၏ လောင်းကြေးမှာအမျိုးမျိုးဖြစ်ပြီး ရာဂဏန်းထောင်ဂဏန်း တန်ဖိုးနည်း လောင်းကစားဝိုင်းငယ်များမှ သိန်းဂဏန်းအထိလောင်းသော တန်ဖိုးကြီးလောင်းကစားဝိုင်းများအထိရှိကြောင်း လောင်းကစားကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ပစ္စည်းပျောက်ဆုံးမှုများ ခိုးမှုများဖြစ်ပေါ် လျက်ရှိကြောင်း မြေလတ်သတင်းစဉ်က ဖော်ပြထားသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ထမ်းနှစ်ဦးထပ်မံလုပ်ကြံခံရ
ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ထမ်းနှစ်ဦး ထပ်မံလုပ်ကြံခံခဲ့ရသည်။ ဇန်နဝါရီလ(၂) ရက်နေ့တွင် ကောလင်းမြို့နယ် ရှမ်းကလုံးနှင့် ရွှေတွင်းရွာအကြားတွင် ဆိုင်ကယ်ဖြင့် ခရီးသွားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတရေးရာ တာဝန်ခံ ဦးအရိန္နမာလုပ်ကြံခံခဲ့ရသလို ဇန်နဝါရီလ(၆) ရက်နေ့တွင်လည်း ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးကျေးရွာမှာ ပအဖခေါင်းဆောင် ဦးသိန်းဝေထပ်မံလုပ်ကြံခံခဲ့ရပြန်သည်။ လုပ်ကြံခံရသူနှစ်ဦးစလုံး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ပြီး လုပ်ကြံခံရသည့် နေရာများမှာလည်း စစ်ကောင်စီတပ်များ ဝင်ထွက်သွားလာရန် မလွယ်ကူသည့် တော်လှန်ရေးထိန်းချုပ်နယ်မြေ နေရာများဖြစ်ကြောင်း နယ်မြေခံ သတင်းပေးပို့သူများကဆိုသည်။ ယခင်လက ကနီမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစု လုပ်ကြံခံရပြီးနောက် ဆက်တိုက်ဆိုသလို NUG တာဝန်ရှိသူများ၊ ဝန်ထမ်းများ ထပ်မံလုပ်ကြံခံရခြင်းမှာလည်း ထူးခြားဖြစ်စဉ်အဖြစ် သုံးသပ်၍ မှတ်တမ်းတင်အပ်ပါသည်။
၄။ စစ်ကိုင်းတိုင်း၏ CDM ကောင်စီစုစည်းမှု
စစ်ကိုင်းဒေသအတွင်း နိုင်ငံ့ဝန်ထမ်း CDM များ၏ အခက်အခဲများကိုပူးပေါင်းဖြေရှင်းရန်နှင့် အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် အစည်းအဝေးများပေါ်ပေါက်လာခဲ့ကြောင်း စစ်ကိုင်းရှိ CDM နိုင်ငံ့ဝန်ထမ်းအချို့၏ ထုတ်ဖော်ပြောကြားချက်အရသိရသည်။ လက်ရှိအချိန်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီဖြစ်ပေါ်လာစေရေး လုပ်ငန်းလမ်းညွှန်ကိုရေးဆွဲနေပြီး ထိုလုပ်ငန်းစဉ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ CDM ကောင်စီဖြစ်မြောက်ရေးဦးဆောင်အဖွဲ့ကဆောင်ရွက်နေကြောင်း။ လုပ်ငန်းလမ်းညွှန်ရေးဆွဲပြီးလျှင် တိုင်းအတွင်း CDM ဝန်ထမ်းထုကို စုစည်းလျက် ဝန်ကြီးဌာနအလိုက်နှင့် ခရိုင်အလိုက် ကိုယ်စားလှယ်များရွေးကောက်တင်မြှောက်ပြီး ကောင်စီကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါဦးဆောင်သူ CDM ဝန်ထမ်းတဦးက မြေပြင်ထောက်လှမ်းရေးထံသို့ ပြောကြားခဲ့သည်။ စစ်ကိုင်းတိုင်းသည် အာဏာစတင်သိမ်းသော ကာလကတည်းက CDM အများဆုံးဒေသဖြစ်ပြီး ဆက်လက်၍လည်း အလင်းဝင် CDM ဝင်လာကြသော နိုင်ငံ့ဝန်ထမ်းအမြောက်အမြားရှိသော ဒေသဖြစ်သဖြင့် CDM များ၏ စုစည်းမှုမှာလည်း နိုင်ငံရေးအရွေ့တခုသို့ဦးတည်နေသဖြင့် ထူးခြားဖြစ်စဉ်အဖြစ်ထုတ်နုတ်ဖော်ပြအပ်ပါသည်။
၂၀၂၅ ဇန်နဝါရီလအတွင်းနိုင်ငံရေးဖြစ်စဉ်များမှာ မြေပြင်နိုင်ငံရေးလှုပ်ရှားမှုများပိုမိုးတိုးတက်ဖြစ်ထွန်း လာသည်ကို တွေ့ရပြီး စုစည်းမှုများလည်းပိုမိုအားကောင်းလာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယန္တယားမှာမူ အားနည်းနေဆဲဖြစ်ပြီး တာဝန်ခံများလည်း ဆက်လက်လုပ်ကြံခံနေရသဖြင့် အုပ်ချုပ်ရေးလုပ်ဆောင်နိုင်စွမ်းကျဆင်းလာပြီလောဟုမေးခွန်းထုတ်ကြသည်။ နှစ်သစ်ကူးအစည်းအဝေးတွင် NUG မှတ်ချက်ပြုခဲ့သော စစ်ကိုင်းတိုင်းတွင် ရုံးစိုက်မည့်အစီအစဉ်မှာလည်း အခက်အခဲများစွာကြုံတွေ့ရဦးမည်ဟု သုံးသပ်မိပါသည်။