၁။ နိုင်ငံရေးဖြစ်စဉ်
၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။
၂။ စစ်ရေးဖြစ်စဉ်
မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။
၃။ စစ်ရာဇဝတ်မှုဖြစ်စဉ်
မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ သည် ဇွန်လအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။ အထူးသဖြင့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ အိမ်အဆောက်အဦများ အထိ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများ မြင့်တက်လာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄၄ ဦး၊ ဒဏ်ရာရသူ ၁၁ ဦး၊ ဖမ်းဆီးခံရသူ ၁၈၇ ဦး အထိ ဖြစ်ပေါ်ခဲ့သည်။ စစ်အုပ်စု၏ လက်ချက်များသည် ယခင်လထက်ပိုမိုဆိုးရွားလာသည့် အခြေအနေများ ဖြစ်သွားကြောင်း တွေ့မြင်ရသည်။
၄။ အုပ်ချုပ်ရေးဖြစ်စဉ်
မေလအတွင်း တိုးပွားလာခဲ့သည့် အုပ်ချုပ်ရေးနှင့် စိုးမိုးရေးဆိုင်ရာ အခက်အခဲများသည် ဇွန်လအတွင်း နည်းပေါင်းများစွာဖြင့် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း အမှုသစ်များ ပိုမိုပေါ်ပေါက်လာခဲ့သည့်အတွက် စီမံခန့်ခွဲမှု လိုက်လံမရနိုင်သော အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ရန်သူ့လက်ချက်မဟုတ်သော သတ်ဖြတ်မှုများ၊ သက်သေပြမရနိုင်သည့် ဖြစ်စဉ်များ ကို ဖြေရှင်း၍ မရသေးသောကြောင့် အုပ်ချုပ်ရေး လုံခြုံရေးအတွက် အခက်အခဲများ ဆက်လက်ရှိနေသည်။