(၁) နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ
ဇွန်လ ၂၀၂၅ တလျောက် နိုင်ငံရေးဆန္ဒပြပွဲများ ဆက်လက်တိုးတက်ခဲ့ပြီး အဓိကအားဖြင့် ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်များတွင် လူထုသပိတ်များဖြစ်ပွားခဲ့သည်။ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ”၊ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” စသည့် အမည်များဖြင့် နေ့စဉ်ချီတက်ဆန္ဒပြခဲ့ကြသည်။ ဇွန်လ ၁၅ မှ ၁၉ အထိ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်များ၊ လူထုဆန္ဒပြပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ ကျင်းပခဲ့ကြသည်။ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် သပိတ်အင်အားစုများမှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
၂၀၂၅ ခုနှစ်ဇွန်လအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဖြစ်စဉ်မှာ ဆက်လက်တိုးတက်နေပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ကာလအတန်ကြာလိပ်ခဲတည်းလည်းဖြစ်နေသော ဝက်လက်အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ ကားသမားများဆန္ဒထုတ်ဖော်မှုများလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဆန္ဒပြမှုဖြစ်စဉ်များဆက်လက်ရှိနေသည်ကိုလည်း တွေ့ရပါသည်။ အဆိုပါဖြစ်စဉ်များအနက် ထူးခြားဖြစ်စဉ်များကို ထုတ်နုတ်တင်ပြပါမည်။
၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းခြင်း
၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ပဉ္စမအကြိမ်စုံညီအစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါကြေညာချက်တွင် ဤအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ မှတစ်ဆင့် ကြားကာလ ပဋိပက္ခများအား ပြေလျော့အောင် ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါအကြောင်း ယုံကြည်သည့်အလျောက် အနာဂတ်ကာလတွင် ချောမွေ့သော အသွင်ကူးပြောင်းရေးတစ်ရပ် ပေါ်ပေါက်လာစေ ရန် ရည်ရွယ်၍ ကြားကာလ အခြေခံဥပဒေကို ရေးဆွဲရခြင်းရခြင်းဖြစ်ကြောင်း၊ အထက်ပါရည်ရွယ်ချက်များကို ဆောင်ရွက်နိုင်ရန် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါဆိုလဆန်း (၁)ရက်၊ ၂၀၂၅ ခုနှစ် ဇွန်လ၊ (၂၅) ရက်နေ့တွင် စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ဖက်ဒရယ်ယူနစ်လွှတ်တော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာ ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထုတ်ပြန်ကြေညာလိုက်ခြင်းအားဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ တရပ်ဖွဲ့စည်းနိုင်ရန် အခွင့်အလမ်းများရရှိသွားပြီဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာထူးခြားဖြစ်စဉ်တရပ်အဖြစ် မှတ်တမ်းတင်အပ်ပါသည်။
၂။ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၏ မြေပြင်ညီလာခံဆိုင်ရာထုတ်ပြန်ကြေညာချက်
စစ်ကိုင်းတိုင်းဒေသအတွင်း လူထုတိုက်ပွဲဖော်ဆောင်မှုလုပ်ငန်းစဉ်များ ဟန်ချက်ညီအားကောင်းစေရန်၊ စစ်ကိုင်းတိုင်းဒေသအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာသော နိုင်ငံရေးအရွေ့များတွင် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုများ၏ ပထမအကြိမ် မြေပြင်ညီလာခံကို နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု ၏ လူမှုကွန်ရက် စာမျက်နှာက ကြေညာခဲ့သည်။ လုပ်ဆောင်ခဲ့သည့်ရက်အတိအကျကို ဖော်ပြမထားသော်လည်း သဝဏ်လွှာများ၏ ရက်စွဲအရ မတ်လအတွင်းက လုပ်ဆောင်ခဲ့ကြောင်း သုံးသပ်နိုင်သည်။ အဆိုပါ မြေပြင်ညီလာခံတွင်
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၏ မူဝါဒများ၊ ရပ်တည်ချက်များနှင့် ဖွဲ့စည်းမှုပုံစံများနှင့် လုပ်ငန်းစဉ်များပါဝင်သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတည်ပြုခြင်း၊ ညီလာခံတက်ရောက်လာသော ဒေသအသီးသီးမှ ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုမရှိ ထောက်ခံအတည်ပြုမှုဖြင့် သပိတ်အင်အားစု၏ အထွေထွေလုပ်ငန်းကော်မတီဝင်(၁၁) ဦးကို တာဝန်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းလည်းထုတ်ပြန် ကြေညာထားပြီး အထွေထွေလုပ်ငန်းကော်မတီဝင်များကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။
အထွေထွေလုပ်ငန်းကော်မတီဝင်များ၏ အမည်စာရင်း (စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု)
(၁) ယွန်းရွှေရည် (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
(၂) ဖူးပွင့်ဝေ (အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီ)
(၃) ရွှေဝင်းအောင် (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(၄) လွမ်းသူ (ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(၅) ရှင်းသန့် (ဘုတလင်မြို့နယ် သပိတ်အင်အားစု)
(၆) လွင်မိုးသန့် (ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
(၇) တိုးဝေအောင် (ပုလဲမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
(၈) သန်းထိုက် (ကန့်ဘလူမြို့နယ် သပိတ်အင်အားစု)
(၉) ဒီခေတ်ရှား (ပုလဲမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
(၁၀) ခန့်ဝေဖြိုး (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
(၁၁) ရဲရင့်လှိုင် (နည်းပညာတက္ကသိုလ် – မုံရွာ ကျောင်းသားများသမဂ္ဂ)
စစ်ကိုင်းတိုင်းနိုင်ငံရေးတွင် ယနေ့အထိရှိနေသော လူထုသပိတ်များ၏ အခန်းကဏ္ဍကလည်း အရေးပါသဖြင့် မြေပြင်နိုင်ငံရေးစုစည်းမှုတရပ်ဖော်ဆောင်နိုင်ခြင်းထူးခြားဖြစ်စဉ်အဖြစ် သုံးသပ်တင်ပြအပ်ပါသည်။
၃။ ဝက်လက်ဒေသတော်လှန်ရေးအင်အားစုများ၏ အခွန်ကောက်ခံမှုကို ပြည်သူများကဆန္ဒပြသည့်ဖြစ်စဉ်
ဝက်လက်မြို့နယ် တော်လှန်ရေးအင်အားစုနယ်မြေအတွင်း သွားလာနေတဲ့ ကားသမားတွေကို အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေက အခွန်ကောက်ခံမှု ငွေ ကြေးပမာဏ များလွန်းတာကြောင့် အခွန်ငွေနှုန်းလျှော့ချပေးဖို့ ဇွန်လ(၁၁) ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဝက်လက်-ရှိန်းမကားလမ်း၊ ဝက်လက်-ပေါက်ကံလမ်း တွေ မှာ သွားလာနေတဲ့ ကားသမားတွေကို NUG လက်အောက်ခံ ဝက်လက်မြို့-ပအဖ ဗိုလ်ရိုင် စစ်ဆေးရေးဂိတ်က တားဆီးအခွန်ကောက်ရာတွင် အခွန်နှုန်းထားငွေကြေးပမာဏအလွန်များနေသောကြောင့် အခွန်နှုန်းထား လျှော့ချစေလိုကြောင်း ပြည်သူများနှင့် ကာသမားများက သုံးရက်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဝက်လက်မြို့-ပအဖ ဗိုလ်ရိုင်စစ်ဆေးရေးဂိတ်အနေဖြင့် အခွန်ငွေ ကောက်ခံရာတွင် ဆီတစ်ပေပါကို သတ်မှတ်နှုန်း ၁၅၀၀၀ ကျပ်ကောက်ခံရာတွင် ကားသမားများက ဆီဈေးကျဆင်းနေသဖြင့် အခွန်ငွေ လျှော့ချပေးရန် တောင်းဆိုခဲ့ရာမှ စတင်ခဲ့သည်။ ‘တို့ပြည်သူတွေအခွန်အလိုမရှိ’၊ ‘ပြည်သူ့အတွက် အကျိုးမပြုဘဲ အခွန်ကောက်ခံတဲ့ဘယ်အဖွဲ့အစည်းမဆိုအလိုမရှိ’ စသောကြွေးကြော်သံများနှင့် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူတွေကို ဝက်လက်မြို့နယ်တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၁၁ ရက်မှာလာရောက်ညှိုနှိုင်း ဖြေရှင်းခဲ့ပြီး ဆန္ဒပြခံရသောဝက်လက်စစ်ဆေးရေးဂိတ် အခွန်ကောက်ခံမှုယာယီရပ်နားထားပြီး ကျန်ဂိတ်များတွင် ညှိနှိုင်းနှုန်းထားနဲ့ ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်းသက်ဆိုင်ရာ ပအဖက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင်လည်း တော်လှန်ရေးအင်အားစုများကို ပြည်သူက ဆန္ဒပြခြင်းအားဖြင့် ထိန်းကျောင်းရေးဖြစ်စဉ်တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
၄။ ဆားလင်းကြီးက လက်ပံတောင်းစီမံကိန်းပြန်လည်လည်ပတ်ခြင်း။
CDM ပြုလုပ်သူ များပြားတာကြောင့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်လုပ်ငန်းတွေမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ငန်း အပြည့်အဝ မလည်ပတ်နိုင်ဘဲ ရပ်နား ထားခဲ့ရာမှ လက်ရှိအချိန်တွင်တော့ ကြေးနီစက်ရုံများ ရာနှုန်းပြည့်နီးပါး ပြန် လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများနှင့် မြေပြင်သတင်းပေးများထံမှသိရသည်။ CDM လုပ်ထားသော ဝန်ထမ်းအများစု၏ စားဝတ်နေရေးမပြေလည် မှုအပေါ်တွင် ပြန်လည်စည်းရုံးပြီး Non CDM များအဖြစ် အလုပ်ပြန်ဝင်စေပြီး ပြန်လည်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ လက်ပံတောင်းကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ပြီး တော်လှန်ရေးအားကောင်းသော ဆားလင်းကြီးမြို့နယ် အတွင်းတွင်တည်ရှိသဖြင့် ကာလအတန်ကြာလုပ်ငန်းရပ်နားနေရာမှ ပြန်လည်လည်ပတ်ခြင်းဖြစ်စဉ်သည်လည်း နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်အဖြစ် ဖော်ပြလိုက်ပါသည်။
ဇွန်လ ၂၀၂၅ တွင် စစ်ကိုင်းဒေသအတွင်း ဖက်ဒရယ်ဖွဲ့စည်းပုံတည်ဆောက်ရေး၊ လူထုလှုပ်ရှားမှု ညှိနှိုင်းရေးနှင့် အုပ်ချုပ်ရေးအဖွဲ့-ပြည်သူ ဆက်ဆံရေးတို့တွင် တိုးတက်မှုများရရှိသော်လည်း လုံခြုံရေး အန္တရာယ်နှင့် အာဏာသုံးစွဲမှု အကျပ်အတည်းများက ပြဿနာများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖြစ်စဉ်များအရ သုံးသပ်နိုင်ပါသည်။