၂၀၂၅ ဇွန်လအတွင်း စစ်ကိုင်းဒေသ စစ်ရေးဖြစ်စဉ်များအရ တော်လှန်ရေးအင်အားစုများက လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းဆွဲ တိုက်ခိုက်မှုများကို တချိန်တည်း ချဉ်းကပ်အသုံးပြုသဖြင့် စစ်ကောင်စီဘက်တွင် လူနှင့်ပစ္စည်းအနည်းဆုံးထိခိုက်မှုများ များစွာ ဖြစ်ပွားခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် မေလထက် စခန်းသိမ်းတိုက်ပွဲများပိုမိုဆင်နွှဲလာနိုင်ပြီး ထူးခြားချက်အဖြစ် စစ်ကိုင်းတိုင်းတွင် ပထမဆုံးအဖြစ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။
၁။ တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ
- တိုက်ပွဲ နေရာများ သည် မုံရွာ၊ ပုလဲ၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်၊ ချောင်းဦး၊ ကန့်ဘလူ၊ ဗန်းမောက်၊ မြင်းမူ၊ ဆားလင်းကြီး တို့ဖြစ်သည်။ မြို့ပေါ်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သည်။ လက်နက်သိမ်းဆည်းမှု နှင့် စခန်းသိမ်းပိုက်မှု ဖြစ်စဉ်များလည်းရှိပြီး ရွှေဘို၊ စစ်ကိုင်း၊ ပုလဲနယ် စသည့် နေရာများတွင် စစ်အုပ်စုစခန်းများ၊ ရဲစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်။
၂။ စစ်ကောင်စီစစ်ကြောင်းထိုးလှုပ်ရှားမှု
- ဇွန်လ ၁၀ ရက်တွင် ပုလဲနယ်တွင် တိုက်လေယာဉ်တစ်စီး ပျက်ကျ ခဲ့ပြီး ကန်ထောင့်စခန်းသိမ်းပွဲတွင် PLA ကပစ်ချခဲ့သည်ဟုတရားဝင်ထုတ်ပြန်ထားပြီး စစ်ကောင်စီကမူ လေ့ကျင့်ပျံသန်းရင်း စက်ချွတ်ယွင်းကာပျက်ကျခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
- ရေကြောင်းပိုင်းတွင် ဇွန် ၂၈ ရက်နေ့ ဆားလင်းကြီး တွင် ချင်းတွင်းမြစ်ကြောင်းမှ စက်လှေများဖြစ် စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ တိုက်ခိုက်မှုကိုခံခဲ့ရသည်။
၃။ တိုက်ပွဲနည်းဗျူဟာ
- ကြားဖြတ်တိုက်ခိုက်မှုများ (Ambush) မုံရွာ–ချောင်းဦးလမ်း၊ ပုလဲ၊ အရာတော်၊ ကန့်ဘလူ စသည့် လမ်းကြောင်းများတွင် ဖြစ်ပွားခဲ့သည်။
- ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု မုံရွာ၊ ရေဦး၊ မြင်းမူ စသည့်မြို့များတွင် ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစခန်း၊ စစ်ဌာနချုပ်၊ စစ်ဆေးရေးဂိတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
- စခန်းသိမ်းပိုက်မှုများအဖြစ် ရွှေဘို (ပျူစောထီးစခန်း၊ စစ်အုပ်စုစခန်း ၃ ခုတပြိုင်နက်), စစ်ကိုင်း (မင်းကွန်းတောင်ရွာ စခန်း) နှင့် ပုလဲနယ် (ကန့်ဒေါင့်ရဲစခန်း) တွင် အောင်မြင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ရေးဖြစ်ရပ်များ
စဉ် | ရက်စွဲ | မြို့နယ် | ဖြစ်စဉ် | ထိခိုက်မှု |
1 | 1.6.2025 | မုံရွာ | မုံရွာမှာ စစ်ကောင်စီတပ်သား ၂ ဦးကိုပစ်သတ်ပြီး ဆိုင်ကယ်နဲ့ပစ္စည်းတချို့ကို PDF သိမ်းဆည်း | 2-0-0 |
2 | 2.6.2025 | တန့်ဆည် | တန့်ဆည်တွင် ကင်းလှည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ | 8-0-0 |
3 | 1.6.2025 | စစ်ကိုင်း | စစ်ကိုင်းမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး၊ စစ်တပ်က ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး | 2-0-0 |
4 | 3.6.2025 | ပုလဲ | ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှာ တိုက်ပွဲဖြစ်ပွားနေ | – |
5 | 4.6.2025 | ရွှေဘို | ရွှေဘိုမြို့အနီး တိုက်ပွဲဖြစ်၊ လက်နက်ကြီးထိလို့ ထောက်ပို့အမျိုးသား ၁ ဦးသေဆုံး | 1-0-0 |
6 | 5.6.2025 | တမူး | တမူးတွင် ကင်းလှည့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ 3 ဦးသေ | 3-0-0 |
7 | 5.6.2025 | ပုလဲ | ပုလဲတွင် စစ်ကောင်စီ တပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ | 1-0-0 |
8 | 5.6.2025 | ရေဦး | ရေဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ဆေးဂိတ်များကို ၃ ရက်ဆက် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး | 2-0-0 |
9 | 4.6.2025 | ရွှေဘို | ရွှေဘိုမြို့ မုခ်ဦးအနီးတွင် စစ်တပ် လှည့်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး | 3-0-0 |
10 | အရာတော် | အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် | – | |
11 | 7.6.2025 | ကန့်ဘလူ | ကန့်ဘလူမှာ ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး လက်နက်တွေသိမ်းဆည်း | 2-0-0 |
12 | 10.6.2025 | ပုလဲ | ပုလဲမြို့နယ်အတွင်းကတိုက်ပွဲတွေကို လေကြောင်းကနေဗုံးလာကြဲတဲ့ တိုက်လေယာဥ် ၁ စီး ပျက်ကျခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ် | – |
13 | 9.6.2025 | ဖောင်းပြင် | ဖောင်းပြင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ပြီး မြစ်ကြောင်းရိက္ခာပို့လမ်းကြောင်းပါ ဖြတ်တောက်ထား | – |
14 | 11.6.2025 | ဗန်းမောက် | ဗန်းမောက်တိုက်ပွဲမှာ SNA တပ်ဖွဲ့ဝင် ၁ ဦးသေပြီး သေနတ် ၂ လက်သိမ်းဆည်း | 1-0-0 |
15 | 9.6.2025 | ရွှေဘို | ရွှေဘို ဆည်ပင်ကျွန်းရွာပျူစောထီးစခန်းကိုသိမ်းပိုက်ပြီး လက်နက်တွေသိမ်းဆည်း | 1-0-18 |
16 | 15.6.2025 | မုံရွာ | မုံရွာ နမခ ကို ရှော့ဒုံးတွေ ထပ်မံ ပစ်ခတ် တိုက်ခိုက် | – |
17 | 17.6.2025 | ပုလဲ | ပုလဲမြို့နယ်က ရွာ ၂ရွာမှာ ပြင်းထန်တိုက်ပွဲဖြစ်ပွား | – |
18 | 18.6.2025 | မုံရွာ | မုံရွာ-ချောင်းဦးလမ်းပေါ် စစ်အုပ်စုကားကိုကြားဖြတ်တိုက်ခိုက်လို့ သုံးပွင့်ဗိုလ်အပါအဝင်သုံးဦးသေဆုံး | 3-0-0 |
19 | 18.6.2025 | ရေဦး | ရေဦးမြို့ပေါ်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက်တိုက်ခိုက်မှု ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ | – |
20 | 18.6.2025 | ချောင်းဦး | ချောင်းဦးမြို့နယ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၁ ဦး သေဆုံး | 1-0-0 |
21 | 19.6.2025 | ပုလဲ | ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန် ၁၉ ရက် ဒီမနက် ၆ နာရီ ၄၀ မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့ | – |
22 | 19.6.2025 | အရာတော် | အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးစခန်းမှ လယ်ထွန်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး | 2-0-0 |
23 | 19.6.2025 | ယင်းမာပင် | ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ | – |
24 | 22.6.2025 | ချောင်းဦး | ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး | 2-0-0 |
25 | 26.6.2025 | ရွှေဘို | ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ အပတ်စဥ် ၁ မွမ်းမံသင်တန်းဆင်း | – |
26 | 27.6.2025 | မြင်းမူ | မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် | – |
27 | 28.6.2025 | ဆားလင်းကြီး | ချင်းတွင်းမြစ်ကြောင်းကလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ | – |
28 | 25.6.2025 | အရာတော် | အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးရွာကို ကင်းပတ်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၆ ဦး ထိခိုက်ဒဏ်ရာရ | 0-6-0 |
29 | 27.6.2025 | မုံရွာ | မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက် ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက် | – |
30 | 28.6.2025 | စစ်ကိုင်း | စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး ၄ ဦး အရှင်မိ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး | 4-0-3 |
31 | 30.6.2025 | ကန့်ဘလူ | မူးဆုံကင်းစခန်းမှ ဇီးကုန်းရဲစခန်းကို ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး | 6-0-0 |
32 | 30.6.2025 | ရေဦး | ရေဦးမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ | – |
33 | 28.6.2025 | ရွှေဘို | ရွှေဘိုနယ် စစ်အုပ်စု စခန်းသုံးခုတိုက်ပွဲမှာ အရာခံ ဗိုလ်အပါအဝင် စစ်အုပ်စုတပ်သား ၂၄ ဦးသေဆုံး၊ သုံ့ပန်း ၁၈ ဦး ဖမ်းမိ၊လက်နက်တချို့ သိမ်းဆည်းရ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးကာ၊ လေးဦး ဒဏ်ရာရ | 24-0-2 |
အဆိုပါ စစ်ရေးဖြစ်ရပ် များထဲမှ ထင်ရှားသော တိုက်ပွဲများကို ထုတ်နုတ်တင်ပြပါမည်။
၁။ တိုက်လေယာဉ်တစ်စင်းပျက်ကျ(ပစ်ချခံ)ခဲ့ရသော ကန်ထောင့်စခန်းသိမ်းပွဲ
၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အနောက်ပိုင်းရှိ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်များက ၁၇ ရက်ကြာ တိုက်ပွဲအပြီး သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းတိုက်ပွဲသည် ဇွန် ၂ ရက်မနက် ၄ နာရီခန့်တွင် စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်အား တိုက်ခိုက်ခြင်းဖြင့် အစပြုခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အင်မထီးဒေသမှ အင်အားထပ်ဖြည့်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု ၆၀ ကြိမ်ကျော်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့သော် PLA ဘက်တွင် လမ်းကြောင်းဖြတ်တောက်မှုနှင့် ဗျူဟာဆိုင်ရာ စီမံချက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ လာရောက်တိုက်ခိုက်သော တိုက်လေယာဉ်တစီးပါ ပျက်ကျခဲ့ပြီး နောက်ဆုံးတွင် စခန်းကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။ ဤစခန်းသည် အင်မထီးနှင့် ဇီးဖြူကုန်းရွာများသို့ ထောက်ပံ့ပေးသည့် အဓိကတည်နေရာဖြစ်သဖြင့် ယင်းအောင်မြင်မှုက ပုလဲမြို့နယ် အနောက်ပိုင်းတွင် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နိုင်စွမ်းနှင့် စစ်ရေးအကြီးအကျယ် အသာလေးပေးစေသည့် တိုက်ပွဲဖြစ်ခဲ့သကဲ့သို့ စစ်ကိုင်းတိုင်းအတွင်း ပထမဆုံး တိုက်လေယာဉ်ပျက်ကျစေသည့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။
၂။ ရွှေဘိုနယ်က ဗျူဟာမြောက်စခန်းသိမ်းပွဲများ
၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အနောက်ပိုင်းရှိ ဟင်္သာကြီးပျူရွာ၊ စခန်းကုန်းနှင့် ဘိုးနတ်တောင် စစ်အုပ်စုစခန်း သုံးခုကို တော်လှန်ရေးအင်အားစုများက ညှိနှိုင်းပူးပေါင်းတိုက်ခိုက်ပြီး အရာခံဗိုလ်အပါအဝင် စစ်အုပ်စုတပ်သား ၂၄ ဦး သေဆုံးကာ ၁၈ ဦးဖမ်းဆီးရရှိခဲ့သည်။ တိုက်ခိုက်မှုတွင် တော်လှန်ရေးဘက်မှလည်း ရဲဘော် ၂ ဦး ကျဆုံး၊ ၄ ဦးဒဏ်ရာရရှိခဲ့သည်။ စခန်းကုန်းနှင့် ဟင်္သာကြီး စခန်းများကို တိုက်ရိုက်ဝင်တိုက်ခိုက်ခဲ့ပြီး ဘိုးနတ်တောင် စခန်းကို ဒရုန်းအသုံးပြု၍ ဗုံးသီးဖြင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသူ ၁၈ ဦးထဲမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအများစုကို ပြန်လွှတ်ပေးခဲ့ပြီး လက်နက်နှင့်ကျည်ပစ္စည်းများ အနည်းဆုံး G-3, ကာဘိုင်, ကိုးလုံးတစ်ချို့နှင့် ကျည်အိမ်များကို သိမ်းဆည်းနိုင်ခဲ့သည်။ ဤစခန်းသုံးခုမှာ စစ်အုပ်စုတပ်သား ၇၀ ကျော် တပ်စွဲနေသော ထိန်းချုပ်နယ်မြေများဖြစ်သဖြင့် ဤတိုက်ခိုက်မှုအောင်မြင်ခြင်းသည် ရွှေဘိုမြို့နယ်အတွင်း တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နိုင်စွမ်းကို ထိထိရောက်ရောက်တိုးတက်စေသည့် အရေးပါသည့် စစ်ရေးအဆင့်တက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
၃။ စစ်ကိုင်းမြို့နယ်ထဲက စခန်းသိမ်းတိုက်ပွဲ
၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ နှင့် No More Dictatorship (NMD) တပ်ဖွဲ့တို့ ပူးပေါင်း၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤစခန်းတွင် စစ်သား ၃၀ ဝန်းကျင် တပ်စွဲနေလျက်ရှိပြီး တိုက်ပွဲအပြီးတွင် စစ်သား ၄ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းဆီးရရှိခဲ့သည်။ ထို့ပြင် G3 သေနတ် ၄ လက်၊ MA1 သေနတ် ၂ လက်နှင့် ခဲယမ်းပစ္စည်းအမျိုးမျိုး သိမ်းဆည်းနိုင်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘုန်းကြီးကျောင်းတည်နေရာဖြစ်ခြင်းနှင့် အနီးရှိ မင်းကွန်းရဲစခန်းမှ အထောက်အပံ့တပ်များ လှမ်းလာနိုင်ခြေကြောင့် စခန်းကို မီးရှို့ရှင်းလင်းခြင်း မပြုလုပ်ခဲ့ဟု တပ်ဖွဲ့တာဝန်ရှိသူက ရှင်းလင်းခဲ့သည်။ ဤတိုက်ပွဲတွင် တော်လှန်ရေးဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးသာ အနည်းငယ်ဒဏ်ရာရခဲ့ပြီး အန္တရာယ်ကြီးမားခြင်း မရှိခဲ့သည်။ ယင်းအောင်မြင်မှုသည် မင်းကွန်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့တချို့၏ တပ်စွဲနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်မှုကို ထိရောက်စွာလျော့နည်းစေသည့် စစ်ရေးအရေးပါဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
သုံးသပ်ချက်အကျဉ်းချုပ်
ဇွန်လ ၂၀၂၅ တွင် စစ်ကိုင်းဒေသတစ်ဝှမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စနစ်တကျ၊ မျှတစွာ ချမှတ်ထားသော စစ်ဆင်ရေးများ များပြားလာသည်နှင့်အမျှ စစ်ရေးအသာစီးရမှုများ စခန်းသိမ်းပွဲများ ရှိလာသည်။ ထို့အပြင် စစ်ကိုင်းတိုင်းတွင် ပထမဆုံးဖြစ်သော တိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ်ပျံ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး စစ်ရေးနှင့် လက်နက်အင်အားမျှခြေတိုးတက်ပြောင်းလဲမှုကိုပါ ဖော်ပြခဲ့သော လတစ်လဖြစ်ခဲ့သည်။