2025 ခုနှစ် မေလအတွင်း စစ်ရာဇဝတ်မှုများ သုံးသပ်ချက်

၂၀၂၅ ခုနှစ် မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ မြေပြင်စိုးမိုးမှုအခြေအနေအရ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ကျေးရွာစီးနင်းမှုများ လျော့ပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှုရာခိုင်နှုန်းမှာ ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။ တလအတွင်း ဝက်လက်၊ ချောင်းဦး၊ မုံရွာ၊ ကနီ၊ ကောလင်း၊ တမူး၊ ဒီပဲယင်း၊ မော်လူး၊ ရွှေဘိုစသော မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှု(၂၅) ကြိမ်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ချောင်းဦး၊ စစ်ကိုင်း၊ ဘုတလင်၊ ပုလဲနယ်များ၌ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုး၊ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ စစ်ကောင်စီ၏ လက်ချက်ဟုတ်မဟုတ် မသေချာသော NUG လက်အောက်ခံပအဖခေါင်းဆောင်တဦး သတ်ဖြတ်ခံရမှုလည်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စစ်ရာဇဝတ်မှုများအနက်ထင်ရှားသောဖြစ်စဉ်များကိုထုတ်နုတ်ဖော်ပြပါမည်။

၁။ ဒီပဲယင်းအိုးထိမ်းတွင်းရွာ စာသင်ကျောင်းဗုံးကြဲမှု

စစ်ကောင်စီသည် တော်လှန်ရေးစိုးမိုးနယ်မြေများတွင် စာသင်ကျောင်းများ၊ ဆေးရုံများကို အဓိကပစ်မှတ်အဖြစ် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းတွင်း ကျေးရွာ စာသင်ကျောင်းဗုံးကြဲမှုလည်းအပါအဝင်ဖြစ်သည်။    မေ ၁၂ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ဗုံး ၁ ကြဲချတိုက်ခိုက်ခဲ့ရာ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးအလောင်း ၂၀ ကျော် ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့ကြောင်း ကယ်ဆည်ရေးလုပ်ငန်းများဆောင်ရွက်နေသော မြေပြင်အဖွဲ့များကဆိုသည်။ မြေပြင်သတင်းထောက်၏ ပေးပို့ချက်အရ အောက်ပါဆရာမများကျောင်းသားကျောင်းသူများ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူအမည်စာရင်း (အိုးထိမ်းတွင်းကျေးရွာ)

  1. မ သက်ထားဝေ (၁၁ တန်း)
  2. မောင် စိုးမိုးသွင် (၃ တန်း)
  3. မောင် ချမ်းမြေ့အောင် (၄ တန်း)
  4. မ ရွှန်းလဲ့ဝေ (၂ တန်း)
  5. မ ဖြိုးဝေဖြိုး (၃ တန်း)
  6. မ ထွန်းဆက်ဖြူ (၂ တန်း)
  7. မ ထက်ရတီထွန်း (၄ တန်း)
  8. မောင် မြတ်နိုးမောင်မောင် (၉ တန်း)
  9. မ မုန်မီးမီအောင် (၄ တန်း)
  10. မ မိုးဟေကျော် (၄ တန်း)
  11. မ မိုးမိုးဝင်း (၁၀ တန်း)
  12. မ လှအုန်းမယ် (၇ တန်း)
  13. မ မိုးမြင့်ဟန် (၇ တန်း)
  14. မ အေးငြိမ်းစံ (၃ တန်း)
  15. မောင် ဇေယျာဖြိုး (၅ တန်း)
  16. မ ချယ်ရီမိုး (၂ တန်း)
  17. မောင် လွန်းပိုင်ထက် (၂ တန်း)
  18. မ မြတ်နိုးဦး (၇ တန်း)
  19. မ ငြိမ်းရွှေရတီမိုး (၂ တန်း)
  20. မ ဆုလတ်နိုင် (၂ တန်း)
  21. ဒေါ် ပန်းမို့မို့ဝေ – ဆရာမ
  22. ဒေါ် ဇင်မာသူ – ဆရာမ

သေဆုံးသူများထဲမှ ၂၀ ဦးမှာ ကျောင်းသူကျောင်းသားဖြစ်ပြီး ၂ တန်းမှ ၁၁ တန်းအထိ တက်ရောက်နေသူများဖြစ်ကြသည်။ ဤဖြစ်ရပ်တွင် ဆရာမနှစ်ဦးလည်းသေဆုံးခဲ့ပြီး  စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရွယ်မရောက်သေးသူ ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် ဆိုးရွားသည့် စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

၂။ ကလေး ခြောက်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့သော မင်းကင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု။

၂၀၂၅ ခုနှစ်မေလ ၂၃ရက် မွန်းလွဲ ၂နာရီခန့်က  မင်းကင်းမြို့နယ်၊ ကလေးဝ – ယာကြီး ကားလမ်းဘေးရှိ မင်းစုကျေးရွာစာသင်ကျောင်း  ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် ခြောက်ဦး အပါအဝင် သေဆုံးသူ ၁၉ ဦးအထိရှိခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်မှတဆင့် သိရှိခဲ့ရသည်။ မင်းစုကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာ မအူကျေးရွာတွင်  တိုက်ပွဲ ဖြစ်ပွားနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မင်းစုကျေးရွာ၏ အရပ်ဘက်အဆောက်အဦးများကို အကြောင်းမဲ့တိုက်ခိုက်ခဲ့ခြင်း ကြောင့် အောက်ပါစာရင်းအတိုင်း သေဆုံးခဲ့သည်။၊

မင်းစုကျေးရွာ – ဗုံးကြဲမှု သေဆုံးသူအမည်စာရင်း

  1. မ နှင်းရတီဝင်း (အသက် ၅ နှစ်)
  2. မောင် သွန်းခန့်ဖြိုး (အသက် ၆ နှစ်)
  3. မောင် ထက်ငယ်ကြည် (အသက် ၇ နှစ်)
  4. မောင် ဖြိုးမင်းခန့် (အသက် ၇ နှစ်)
  5. မ ဆောင်းသဇင်နွယ် (အသက် ၈ နှစ်)
  6. မောင် ကျော်ဖြိုးအောင် (အသက် ၈ နှစ်)
  7. မ ဖြိုးအေးဇင် (အသက် ၉ နှစ်)
  8. မောင် ရှင်းသန့် (အသက် ၁၁ နှစ်)
  9. မချစ်စန်းနွယ်(အသက် ၂၃နှစ်)
  10. မနှင်းအိစံ (အသက် ၂၇ နှစ်)
  11. မ ယဉ်လှ (အသက် ၃၅ နှစ်)
  12.  သိန်းလွင်ဦး (အသက် ၃၆ နှစ်)
  13.  ဖြူစိန် (အသက် ၃၈ နှစ်)
  14.  ဗိုလ်ဦး (အသက် ၃၉ နှစ်)
  15. နှင်းနုအောင် (အသက် ၄၀ နှစ်)
  16. ဇော်မင်းဦး (အသက် ၄၂ နှစ်)
  17.  ဇော်လင်း (အသက် ၄၆ နှစ်)
  18. မောင် စိုး (အသက် ၄၈ နှစ်)
  19. ဒေါ် စိန်ကြည် (အသက် ၇၄ နှစ်)

သေဆုံးသူ ၁၉ ဦးအနက် ၈ ဦးမှာ အသက် ၁၁ နှစ်အောက် ကလေးငယ်များ  ဖြစ်ပြီး အရပ်သားများသာဖြစ်ကြသောကြောင့် ဆိုးရွားသည့် စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

၃။ ဝက်လက်မြို့နယ်ပအဖတာဝန်ခံသတ်ဖြတ်ခံရမှု

ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်၊ တမာကုန်း ကျေးရွာအနီး၊ လယ်တဲတစ်ခုတွင် မေလ ၂၃ ရက် မနေ့က ညပိုင်း ဝက်လက်မြိုနယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးမျိုးအောင်ကို နှင့် အမျိုးသမီးတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်၏ ပေးပို့ချက်အရသိရသည်။ ဝက်လက်မြို့နယ် ပအဖ တာဝန်ခံ ဦးမျိုးအောင်ကိုနှင့် တမာကုန်းကျေးရွာမှ ကွမ်းယာရောင်းချသူအမျိုးသမီးတို့သည် တနေရာတွင် ပစ်ခတ်သတ်ဖြတ်ခံရပြီးမှ အဆိုပါလယ်တဲသို့ လာရောက်ပစ်ထားသည့် သဲလွန်စများတွေ့ရှိရကြောင်း မြေပြင်သတင်းရင်းမြစ်ကဆိုသည်၊ ယင်းဒေသသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းများ နှစ်ဖွဲ့စလုံးလှုပ်ရှားနယ်မြေ ဖြစ်သောကြောင့်မည်သည့်အဖွဲ့က ပစ်ခတ်ကြောင်း မသိရပေ။ စစ်ကိုင်းတိုင်းတွင် NUG ၏ တာဝန်ခံများသတ်ဖြတ်ခံရမှုမှာ ဦးမျိုးအောင်ကိုအပါအဝင် (၆) ဦးထိရှိသွားပြီဖြစ်ပြီး အမှုအားလုံးတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပေ။

၂၀၂၅ ခုနှစ် မေလအတွင်း  ထိခိုက်သောအရပ်သားစာရင်း

စဉ် မြို့နယ် ဒဏ်ရာရ သေဆုံး ဖမ်းဆီးခံ စစ်ကောင်စီလက်ချက်
1 ကောလင်းမြို့နယ် 2 1 0 ဟုတ်
4 ရေဦးမြို့နယ် 2 1 0 ဟုတ်
5 ကနီမြို့နယ် 0 0 0 ဟုတ်
6 စစ်ကိုင်းမြို့ 0 3 6 ဟုတ်
8 မုံရွာ 16 10 10 ဟုတ်
9 ဝက်လက် 4 4 0 အချို့မသိရ
10 ပုလဲ 0 7 0 ဟုတ်
11 ချောင်းဦးမြို့ 0 11 14 ဟုတ်
12 ဒီပဲယင်း 15 22 0 ဟုတ်
13 အင်းတော် 5 5 0  
12 မင်းကင်းမြို့ 11 19 0  

သုံးသပ်ချက်

၂၀၂၅ ခုနှစ် မေလအတွင်း စစ်ကိုင်းတိုင်းဒေသရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်ဖွဲ့များက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ စုစုပေါင်း ၅၉ ကြိမ်ကျော် မှတ်တမ်းတင်နိုင်ခဲ့သည်။
မေလအတွင်း အရပ်သား ၈၃ ဦးထက်မနည်းသေဆုံးပြီး ၅၅ ဦးဒဏ်ရာရကာ  ဖမ်းဆီးခံရမှုအချို့လည်း ရှိကြောင်းသိရသည်။    နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးမှုနှုန်းအနည်းငယ် ကျဆင်းသွားသော်လည်း ထိခိုက် သေဆုံးသူအများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခြင်းများဖြစ်သဖြင့် အထူးမှတ်တမ်းတင်ထားရမည့်အချက်များဖြစ်သည်။ ထို့အပြင် စာသင်ကျောင်း၊ ဆေးရုံနှင့် အရပ်သားပြည်သူ အများနှင့်သက်ဆိုင်သောနေရာများကို လေကြောင်းတိုက်ခိုက်သည့်နှုန်းမှာလည်း ပိုမိုစိတ်လာခဲ့သည်။