တိုက်ခိုက်မှုမြန်နှုန်းမြင့်တက်လာခြင်း
မေလအတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ စစ်အုပ်စုများ၊ စခန်းများနှင့် လှည့်ကင်းတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်မှု (Ambush), ဒရုန်းပစ်မှတ်တိုက်ခိုက်မှု (Drone Strike) နှင့် မိုင်းခွဲတိုက်ခိုက်ခြင်း (IED/landmine) များဖြင့် တိုက်ခိုက်မှုများ ပိုမိုမြင့်တက် ခဲ့ကြောင်း တွေ့ရသည်။ စခန်းသိမ်းတိုက်ပွဲများအတွက်လည်း စုစည်းပြင်ဆင်မှုများရှိနေပြီး တော်လှန်ရေးတပ်များသည် ပုလဲမြို့နယ်ရှိ စစ်အခြေခိုက်စခန်းများ၊ ဖောင်းပြင်မြို့နယ်ရှိစခန်းများ၊ တန့်ဆည်၊ ချောင်းဦးနှင့် မြောင်မြို့နယ်ရှိ အခြေစိုက်စခန်းများကို ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ဒရုန်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ
၁၅ ရက်နေ့ ရွှေဘိုဒေသ၊ ၂၁ ရက် ချောင်းဦးမြို့၊ ၂၂ ရက် ဆားလင်းကြီး-ယင်းမာပင်လမ်းမပေါ်တွင် ဒရုန်းဗုံးကြဲခြင်း၊ မိုင်းဆွဲခြင်းတို့ကြောင့် စစ်သားများအထိအခိုက်ကြီးစွာရှိခဲ့သည်။
မုံရွာ၊ စစ်ကိုင်းအခြေစိုက်တပ်ဌာနချုပ်များကို တိုက်ခိုက်မှု
၂၅ ရက်၊ ၃၁ ရက်နေ့တွင် စစ်ကိုင်းမြို့နှင့် မုံရွာမြို့ရှိ စစ်ဌာနချုပ်များကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအနည်းဆုံး ၂ ကြိမ် ဖြစ်ပွားခဲ့သည်။
ထင်ရှားသည့် စစ်ရေးဖြစ်ရပ်များ
ရက်စွဲ | ထိခိုက်မှု | မြို့နယ် | ဖြစ်စဉ် |
2.5.2025 | စစ်ကောင်စီတပ်သား ၂ ဦးသေ | ကန့်ဘလူ | လမ်းတစ်လျှောက် စစ်တပ်ကို ထိုးစစ်။ |
5.5.2025 | စစ်တပ် ၆ ဦးသေ | ဆားလင်းကြီး | တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး တိုက်ခိုက်မှု။ |
8.5.2025 | SNA ၃ ဦးသေ | ဗန်းမောက် | တော်လှန်ရေးတပ်နှင့် ပဋိပက္ခဖြစ်ပွား။ |
14.5.2025 | ပျူတပ်သား ၁ ဦးသေ | ကန်နီ | ပျူအဖွဲ့ကို တိုက်ခိုက်မှု။ |
15.5.2025 | စစ်ကောင်စီတပ်သား ၃ဦးသေ | ရွှေဘို | ကျေးရွာ ၃ ရွာအနီး။ ဒရုန်းတိုက်ခိုက်မှု |
21.5.2025 | စစ်ဗိုလ်အပါအဝင် ၄ ဦးသေ | ချောင်းဦး | မြို့ထွေအုပ်ရုံး၊ ရဲစခန်းပေါ် ဒရုန်းဗုံးကြဲမှု။ |
25.5.2025 | မသိရ | မုံရွာ | တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်မှု။ |
31.5.2025 | မသိရ | စစ်ကိုင်း | တပ်မ ၃၃ စခန်းကိုတိုက်ခိုက်မှု။ |
အဆိုပါ ထိတွေ့တိုက်ပွဲများထဲမှ ထင်ရှားသော တိုက်ပွဲများကို ထုတ်နုတ်တင်ပြပါမည်။
၁။ တော်လှန်ရေးတပ်များ အသာရခဲ့သော ဗန်းမောက်မြို့နယ်မှ စစ်ကောင်စီ + SNA ပူးပေါင်းတပ်နှင့် တိုက်ပွဲ
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် တော်လှန်ရေးတပ်များနှင့် ရှမ်းနီအမျိုးသားများတပ်မတော် ပါဝင်သော စစ်ကောင်စီပူးပေါင်း အဖွဲ့တို့ မေ ၆ ရက်မနက် ၈ နာရီကျော်တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ SNA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ကသာခရိုင်တပ်ရင်း(၄) ၏ ထုတ်ပြန်ချက်အရသိရသည်။
SNA နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များသည် နားယကာနဲ့ စက်တောကျေးရွာကြားကို ဝင်ရောက်လာခဲ့ချိန် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး သုံ့ပန်းတဦးလည်းအရှင်ဖမ်းမိခဲ့သည်။ အရှင်ဖမ်းမိသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ SNA တပ်ဖွဲ့ဝင်အမျိုးသားဖြစ်ကြောင်း ဒေသခံတပ်ရင်းများကဆိုသည်။ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသော ဗန်းမောက်နယ်မြေတွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရန်အတွက် နယ်မြေခံတိုင်းရင်းသားတပ်ဖြစ်သော SNA ကို ခါးပိုက်ဆောင်တပ်အဖြစ် အသုံးပြုခဲ့ပြီး ထိတွေ့တိုက်ပွဲများတွင် SNA တပ်ဖွဲ့ဝင်များ မကြာခဏဖမ်းမိခဲ့သည်။
၂။ လက်နက်များရရှိခဲ့သော မြောင်မြို့နဲ့ ရွှေဘိုမြို့က အချိန်တို ခြုံခိုတိုက်ပွဲများ
၂၀၂၅ ခုနှစ် မေလ(၈) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ရဲစခန်းမှ စစ်ဆေးရေးဂိတ်သို့ထွက်လာသော စစ်အုပ်စုကိုခြုံခို တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့် အပါအဝင် လေးယောက် သေပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ကထုတ်ပြန်ထားသည်။ မြောင်မြို့တွင် စစ်ကောင်စီကင်းအဖွဲ့များ၊ စစ်ရေးရေးဂိတ်များ မကြာခန ပြောက်ကျား ခြုံခိုတိုက်ခိုက်ခံရမှုများရှိပြီး ယခု ၁၀ မိနစ်ခန့်သာကြာသော တိုက်ပွဲတိုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးသေဆုံးသွားပြီး လက်နက်များပါ ရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း တောင်ပိုင်း စစ်ကိုင်းခရိုင်အတွင်းရှိ မြောင်မြို့နယ်တခုလုံးနီးပါး တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။ အလားတူပင် မေလ ၁၅ရက် မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းရှိ စစ်ကောင်စီစခန်းထွက်လာသော ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ယောက်လုံး သေဆုံးပြီး ခြောက်လုံးပြူး သေနတ်တစ်လက်နဲ့ G-3 သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံမြေပြင်သတင်းထောက်က ပေးပို့ချက်အရသိရသည်။ ၂၀၂၅ ခုနှစ် မေလတွင် ခြုံခိုတိုက်ပွဲများများ၊ လျှပ်တပြက်တိုက်ပွဲ များဖြင့် တော်လှန်ရေးတပ်များက ပြောက်ကျားစစ်ဗျူဟာကို အဓိက အသုံးပြုလျက်ရှိသည်။
၃။ စစ်ဌာနချုပ်များကို ရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်မှု
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို ထိန်းချုပ်ထားသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မေလ ၂၅ ရက်နေ့ ည ၆ နာရီ ၄၉ မိနစ်အချိန်က ၁ဝ၇ မမရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ခဲ့ပြီး ၆ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Worriers for Myanmar က ထုတ်ပြန်ခဲ့သည်။ ရှော့တိုက်ဒုန်းမည်မျှပစ်မှတ်ထိမှန်၍ မည်သို့အထိအခိုက်ရှိသည်ကိုမူ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပေ။ အလားတူ စစ်ကိုင်းမြို့ပေါ်က အမှတ် (၃၃)ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) စခန်းကို မေလ ၃၁ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန်မှာ ရှော့တိုက်ဒုံးပစ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း ယင်းအဖွဲ့ကပင်ထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း၏ အကြီးဆုံး စစ်ဌာနချုပ်နှင့် တပ်မဌာနချုပ်ကို တိုက်ခိုက်ခဲ့သော ယခုဖြစ်စဉ်ကိုလည်း ထူးခြားဖြစ်စဉ်အဖြစ် ဖော်ပြလိုက်ပါသည်။
သုံးသပ်ချက်အကျဉ်းချုပ်
မေလ ၂၀၂၅ တွင် စစ်ကိုင်းဒေသတစ်ဝှမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စနစ်တကျ၊ မျှတစွာ ချမှတ်ထားသော စစ်ဆင်ရေးများ များပြားလာသည်။ တပ်စခန်း၊ စစ်ဌာနချုပ်များကို တိုက်ခိုက်ခြင်းက စစ်ကောင်စီ၏ အထွေထွေစစ်ရေးထိန်းချုပ်မှုအားနည်းလာသည်ကို ပြသနေပြီး ဆက်လက်၍လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုများ ပိုမို များပြားလာဖွယ်ရှိသည်။