၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းများ၊ လှုပ်ရှားမှုများကို ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းလိုက် ထိခိုက်ပျက်စီးခြင်းများ စစ်သုံ့ပန်းဖမ်းမိခြင်းများဖြစ်ပေါ်ခဲ့သည်။ ယခင်လများက စစ်ကိုင်းတွင် တော်လှန်ရေးတပ်များက အသာစီးဖြင့် မဟာဗျူဟာမြောက်မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေရာမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြန်လည်အင်အားကောင်းလာကာ ထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်လာသည်။ သို့သော် စစ်ကောင်စီတပ်သားသစ်များ၏ အားနည်းချက်ကြောင့် စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရကာ လက်နက်/လူသူ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီလအတွင်းမှာပင် ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်း(၃) ကြောင်းထက်မနည်း ချေမှုန်းခံခဲ့ရပြီး အခြားတိုက်ခိုက်မှုများကြောင့်လည်း စစ်ကောင်စီအထိနာခဲ့သည်။ ထူးခြားဖြစ်စဉ်များကို ထုတ်နုတ်တင်ပြပါမည်။
၁။ ဝက်လက်မြို့နယ်စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းချေမှုန်းခံရ
ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကိုင်းတပ်မ(၃၃) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ(၆) ရက်နေ့က တော်လှန်ရေးအင်အားစုများ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၆ နာရီကြာတိုက်ပွဲအတွင် စစ်ကောင်စီစစ်ကြောင်းတခုလုံးအထိအခိုက်များစွာဖြင့် ဆုတ်ခွာသွားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၃) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ သေနတ်(၅) လက်၊ Jammar တခုအပါအဝင် လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့သည်။ အဆိုပါစစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသော ရွှေဘို အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အင်အား ၇၀ ကျော်ခန့်စစ်ကြောင်းကိုလည်း ဝက်လက်မြို့နယ် လည်ကိုင်းကျေးရွာအဝင်တွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကြောင်းတခုလုံး ပျက်သွားခဲ့ကြောင်း၊ လည်း ဒေသတွင်း စစ်ရေးသတင်းထောက်၏ ပေးပို့ချက်အရ သိရှိရသည်။
၂။ မုံရွာမြို့အထွက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်း ချေမှုန်းခံရပြန်
ဇန်နဝါရီလ(၉) ရက်နေ့တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသော စစ်ကြောင်းယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ကား(၁၀) စီးပါရှိသော ယာဉ်တန်း တွင် လုံခြုံရေးယူလာသော ကားများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်(၄) လက်အပါအဝင် ခဲယမ်းနှင့် ရိက္ခာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ်-၁ စစ်ဒေသက ထုတ်ပြန်ခဲ့သည်။ မုံရွာမြို့နှင့် အနီးဆုံးနေရာတွင် တိုက်ပွဲဖြစ်ခဲ့သော်လည်း စစ်ကူများအချိန်မီမလာရောက်နိုင်ခြင်းကြောင့် စစ်ကောင်စီ တပ်သား(၇) ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြေပြင်သတင်းစဉ်များအရ သိရှိရပါသည်။
၃။ မုံရွာမြို့တဝိုက် နယ်မြေရှင်းလင်းရေးတိုက်ပွဲများ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဖော်ဆောင်ခဲ့သော စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့အနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးမှုများ တိုက်ပွဲများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်း ဆက်လက်ပေါ်ပေါက်ခဲ့ပြီး မုံရွာမြို့တဝိုက်တွင် ထိတွေ့တိုက်ပွဲအမြောက်အမြားဖြစ်ပေါ်ခဲ့သည်၊၊ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ထနောင်းဝင်းရွာ၊ အရာတော်လမ်းတို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဝိုက်တွင်လည်း နယ်မြေရှင်းတိုက်ပွဲများ၊ ကျေးရွာမီးရှို့ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် တော်လှန်ရေးအင်အားစုများကလည်း ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများလည်းရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ကာလရှည်မြို့သိမ်းတိုက်ပွဲများ ခတ္တရပ်တန့်သကဲ့သို့ဖြစ်သွားသော်လည်း မြေပြင်စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများဆက်ရှိခဲ့ပြီး တိုက်ပွဲအရှိန်တော့ ကျသွားခြင်းမရှိကြောင်းတွေ့ရသည်။ စစ်ကောင်စီကလည်း နယ်မြေရှင်းလင်းရေးတို က်ပွဲများကို မြေပြင်နှင့်ဝေဟင်မှ ဆက်လက်လုပ်ဆောင်နေရာ ပြည်သူအများအပြား ရှောင်တိမ်းနေရဆဲဖြစ်သည်။